ဧရာဝတီတိုင်း ရေကြည်မြို့ မြို့မရပ်ကွက်၊
ပဲ နင်း ကြီး မ င်္ဂ လာ စေ တီ တော် သ မိုင်း
(အကျဉ်းချုပ်)
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ကမ္ဘာဦးကိုးကွယ်မှုအစ
ကမ္ဘာဦး လူတို့သည် အစဉ်အလာ သဘာဝအရ ပျော်ရွှင် စားသောက် ခဲ့ကြရာမှ မြေငလျင်လှုပ်ခြင်း၊ တော်လဲခြင်း၊ မိုးကြိုးကျခြင်း၊ လောင်မီး ချခြင်း စသော သဘာဝဘေးရန်များ ဖြစ်ပေါ်လာမှုကြောင့် ကြောက်ရွံ့ကြ သည်။ စိုးရိမ်ကြသည်။ တုန်လှုပ်ချောက်ချားသဖြင့် အားကိုးရာ ကိုးကွယ်ရာကို ရှာကြံစူးစမ်းကြသည်။
ယင်းသို့ ရှာဖွေကြရာမှ အံ့ဩဖွယ်ရာတောင်ကြီးများ တောစိုးသစ်ပင် ကြီးများ တောအုပ်ခြံကြီး အရာမ်ကြီးများကို ရှိခိုးကြသည်။ ပူဇော်ကြ ပသ ကြသည်။ ယင်းသို့ ရှိခိုး ပူဇော် ပသခြင်းသည်ပင် မိမိစိတ်၏ ဆာလောင်မွတ် သိပ်မှုကို အစာကျွေးလိုက်ရလျင် ကျေနပ်တတ်သော သတ္တဝါတို့၏ သဘာဝအတိုင်း တောတောင်သစ်ပင်များက သူတို့၏ ကြောက်ရွှံတုန်လှုပ်မှုကို ပျက်ပြယ် စေသည် အန္တရာယ်အမျိုးမျိုးကို အကာအကွယ်ပေးသည်ဟုယူဆလာကြသည်။
ယင်းသိုယူဆလာသည့်အလျှောက်တောင်ထိပ်ပေါ်၌ကိုးကွယ်နေရာ အဆောက်အအုံများကို တိုးတက် တီထွင် ကြံဆ ဆောက်လုပ်လာ ကြသည်။ သစ်ပင်ကြီးများအောက်၌ နတ်ကွန်း နတ်နန်းများ ပြုလုပ် ဖန်တီး လာသည်အထိ ကိုးကွယ်မှုအဆင့် မြင့်လာကြသည်၊ မြတ်ဗုဒ္ဓ မပွင့်ပေါ်ခင်
ဝေသာလီပြည်ဝယ်ထိုကိုးကွယ်မှုများအထူးခေတ်စားခဲ့သည်။ မြတ်ဗုဒ္ဓပွင့်ပေါ် လာသည်အထိ ယင်းဝေသာလီပြည်၌ သာရန္ဒာစေတီ၊ အဂ္ဂါဠဝနတ်ကွန်းစသည်ဖြင့် စေတီ နတ်ကွန်း အကြွင်းအကျန်များ ရှိနေသေးကြောင်း သုတ် အဋ္ဌကထာများဖြင့် ထင်ရှားစေပါသည်။
စေတီခေါ်ကြ ဝေါဟာရ
ဤနေရာ၌ စေတီဟူသောဝေါဟာရကို အမြွက်မျှ ဖော်ပြသင့်သည်ဟု ထင်ပါသည်။ စေတီဟူသည် စေတိယပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာဝေါဟာရဖြစ်ပါသည်။
စေတိတဗ္ဗံ ပူဇေတဗ္ဗန္တိ စေတိယံ အရ ပူဇော်အပ်သဖြင့် စေတီ၊
တနည်း - ဣဌကာဒီဟိ စယိတဗ္ဗံတိ စေတိထံ အုတ် ကျောက် အင်္ဂတေတို့ဖြင့် စီအပ်သောကြောင့် စေတီ။
တနည်း - စိတ္တေ ကတံဌပိတန္တိ စေတိယံ အရ စိတ်၌ သိမ်းသွင်းထားအပ်သောကြောင့် စေတ မည်၏ဟုအမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။
ဆိုလိုရင်းအချုပ်ကား၊ စိတ်ကျေနပ်မှုရရှိရန်အတွက် အုတ်စသည်တို့ ဖြင့် ပြုလုပ်ထားသော ပူဇော်အပ် ပူဇော်သင့် ပူဇော်ထိုက်သည့် အရာဝတ္ထု ပစ္စည်းတခုဟု ဆိုလိုပါသည်။ ယင်းသို့ဖြစ်လျင် ဗျပ္ပတ္တိတစ်ခုအရ အုတ်-ကျောက် အင်္ဂတေတို့ဖြင့် တည်ဆောက်မှ စေတီ ခေါ်သလားဟု မေးဖွယ်ဖြစ်လာပြန်ပါသည်။
စေ တီ လေးမျိုး - မော်ကွန်းထိုး
စေတီခေါ်ထိုက်သည့် ပစ္စည်းတို့သည်..
၁။ မြတ်စွာဘုရား သီတင်းသုံးရာ ဗောဓိပင်နှင့် အသုံးအဆောင် ဖြစ်သည့် ရေစစ် ခါးပန်း သင်္ကန်း သပိတ်စသည်ကို ထည့်သွင်းဌာပနာ၍ တည်းထားအပ်သောစေတီ ကို - ပရိဘောဂ စေတီ၊
၂။ မြတ်စွာဘုရား၏ကိုယ်စား ရုပ်ပွားဆင်းတုတော်များသည် - ဥဒ္ဒိဿစေတီ
၃။မြတ်စွာဘုရား၏ သရီရဓါတ်တော်များကို ထည့်သွင်းဌာပနာ၍ တည် ထားအပ်သော စေတီကို - ဓါတုစေတီ၊
၄။ ပိဋကသုံးပုံ နိကယ်ငါးရပ် တရားတော်မြတ်များကို ရေးသားပူဇော် ဋ္ဌာပနာထားခြင်းသည် - ဓမ္မစေတီ ဟု စေတီလေးမျိုး ခုဒ္ဒကနိကာယ် အဌကထာများနှင့် သာရတ္ထဋီကာ တို့၌ လာပါသည်။
ယင်းသို့ဖြစ်လျှင် ပရိဘောဂစေတီ အရမြတ်စွာဘုရား သီတင်းသုံးရာ ဗောဓိပင်ကိုလည်း စေတီအရာသွင်းထားသောကြောင့် အုတ်ဖြင့် စီထားမှ စေတီမည်နိုင်သည် မဟုတ်ဟု သိနိုင်ပါသည်။ ထို့ကြောင့် ဘုရားရှင် ပွင့်တော် မမူမီက သစ်ပင်များကိုလည်း မိမိတို့ ယုံကြည်ကိုးကွယ်သော အနေအားဖြင့် စေတီဟူ၍ပင် ခေါ်ဆိုနေကြခြင်းဖြစ်ပါသည်။ သို့စေကာမူ ဘုရားရှင်ပွင့်တော် မူသောအခါ၌ကား ကိုးကွယ်မှုအစစ်နှင့်အတု စေတီမှားနှင့် စေတီမှန်တို့ကို လမ်းညွှန် ခွဲခြား ပြတော်မူခဲ့ပါသည်။
ကိုး ကွယ် မှန် မှ – နိဗ္ဗာန် ရ
စစ်မှန်သည့် စေတီထိုက်သော ပုဂ္ဂိုလ်များကား သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓါ၊ရဟန္တာနှင့်၊စကြဝတေးမင်းတို့ ဖြစ်ကြကုန်၏။ ယင်းပုဂ္ဂိုလ်များ၏ သရိယဓါတ်တော်များကို စေတီတည်ထား ကိုးကွယ်ခြင်းဖြင့် လူရပ် နတ်ထံ နိဗ္ဗာန်အထိ အကောင်းဆုံးသော အကျိုးများ ရနိုင်သည်ဟု သုတ်မဟာဝါနှင့် -အင်္ဂုတ္တရပါဠိ အဌကထာတို့၌ ဆိုထားပါသည်။
မိလိန္ဒပဥှာပါဠိတော်၌လည်း စေတီတော်သည် ကုန်မျိုးစုံဖြန့်ခင်းထားရာ လောကီဈေးရုံကြီးအလား ဇာတိသမ္ပတ္တိစသော အကျိုးများကို ဖြန့်ခင်းထားရာ သာသနာ့ဈေးရုံတော်ကြီးဖြစ်၏။ ယင်းသာသန့ာဈေးရုံကြီးအတွင်း၌ အမျိုးဇာတ် စည်းစိမ်ဥစ္စာ အသက်ရှည်ခြင်း၊ အနာမဲ့ခြင်း၊ အဆင်းလှခြင်း၊ပညာကြီးခြင်း စသော မနုဿသမ္ပတ္တိ၊ ဒိဗ္ဗသမ္ပတ္တိနှင့် နိဗ္ဗာန သမ္ပတ္တိများကို ဖြန့်ခင်းထားရှိပေသည်။ ထိုအကျိုးသမ္ပတ္တိများကို လိုလားတောင့်တသူ ပုဂ္ဂိုလ် ဟူသမျှသည် အနည်းငယ်မျှသော်လည်း ဖြစ်သော ကုသိုလ်ကံ အဖိုးအခပေးသ ဖြင့် ဝယ်ယူရရှိနိုင်ကြသည် စသည်ဖြင့် မိန့်ဆိုထားပါသည်။
မြတ်စွာဘုရား၏ရုပ်ပွားဆင်းတု တော်များကို ကြည်ညိုစိတ်ဖြင့်ကိုးကွယ် ပါလျှင် သက်တော်ထင်ရှား မြတ်စွာဘုရားကို ကိုးကွယ်ရသကဲ့သို့ အကျိုးပေး တူသည်ဟု ဝိမာနဝတ္ထုနှင့် အပါဒါန် ပါဠိဂါထာတို့၌ လာပါသည်။
သာ သ နာ့ လုပ် ငန်း - လက် ဆင့် ကမ်း
စစ်မှန်သန့်ရှင်းသော ပါရမီရှိသူတို့သာလျှင် စစ်မှန်သန့်ရှင်းသော သာသနာနှင့် တွေ့ကြုံရပြီး စစ်မှန်သန့်ရှင်းသော သာသနာပြုလုပ်ငန်းများကို လုပ် ဆောင်ရင်း စစ်မှန်သော ကိုးကွယ်ခွင့်ကို ရရှိခံစားနိုင်ကြပါသည်။ သာသနာ ဟူသည် မြတ်ဗုဒ္ဓ၏ အဆုံးအမ ပရိယတ် ပဋိပတ်တရားတော်များနှင့် မြတ်ဗုဒ္ဓ၏ ဓါတ်တော် မွေတော်များကို ဆိုလိုပါသည်။
ဗုဒ္ဓသာသနာတော် စတင်မြစ်ဖျားခံရာ အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ၌ သာသနာတော် နှစ်ပေါင်းတစ်ထောင်ခန့်သာ အသက်ရှည်နိုင်ပြီး၊ သီရိလင်္ကာ ခေါ် သီဟိုဠ်နိုင်ငံမှ တဆင့် မြန်မာနိုင်ငံသို့ လှည့်လည်ကူးပြောင်းလာခဲ့ရာ ပုဂံ ပြည် အနော်ရထာခေတ်မှစ၍ ယခု နှစ်ပေါင်း တစ်ထောင်ကျော်သည့်တိုင် မြန်မာနိုင်ငံ သာသနာတော်သည် လန်းဆန်းသည်ထက် လန်းဆန်းလျက်သာ ရှိနေပါသေးသည်။ စေတီလေးဆူ - ပန်းမဉ္စူတို့ - မွှေးကြူပျံသင်း - ရနံ့ ခင်းလျှက်သာ ရှိနေပါသေးသည်။
မြို ရေ ကြည် မှ - တို့ စေ တီ
ဧရာဝတီတိုင်း ရေကြည်မြို့သည် လွန်ခဲ့သော နှစ်ပေါင်းခွန်နစ်ရာကျော် (သက္ကရာဇ် - ၆၁၀ ခုနှစ်) မှစ၍ သမုဒ္ဒဃောသနှင့် ဥမ္မာဒန္တီ မိဖုရားတို့ စစ်ဒဏ် ရှောင်တိမ်းယင်း နန်းစိုက်တည်ထောင်သော မြို့ဖြစ်သည်ဟု ရေကြည်မြို့နယ် ဖြစ်စဉ်မှတ်တမ်းက ဆိုပါသည်။
ပုသိမ်အုပ်ချုပ် မင်းလုပ်နေသော သမုဒ္ဒဃောသနှင့် ဥမ္မာဒန္တီမိဖုရားတို့သည် ဒဂုံသံလျှင် ဟံသာဝတီမင်းသားတို့၏ ဘေးရန်ကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရာ အသုတ်မြို့၌ နန်းစိုက်တည်းခိုရင်း စိန်ဆွဲမြား မြဆွဲလဲဘုရား နန်းဦးဘုရား ရေပေါ်ဘုရားများ တည်ခဲ့ပြီးထိုမှတဆင့် ပန်းတောရေကြည် ခေါ် ရေကြည်မြို့နယ်တွင် ဒီပါရုံဘုရား၊ ပဲ့နင်းကြီးဘုရား၊ လှေတော်ရုံဘုရား၊ နန်းဦးဘုရား၊ လှည်းဆိပ်ဘုရား စသည်တို့ကို တည်ပြန်သည်ဟု ဆိုပါသည်။
ယင်းသမိုင်းစကား၌ ပဲ့နင်းကြီးမင်္ဂလာစေတီသည် သမုဒ္ဒဃောသနှင့် ဥမ္မဒန္တီတို့ တည်သောဘုရားစာရင်းတွင် ပါဝင်နေပါသည်။ သို့သော် ပဲနင်းကြီးစေတီသည် စစ်ကိုင်းမင်းခေါ် ဘကြီးတော်လက်ထက် ၁၁၈၁ ရောက်မှ ပဲ့နင်းကြီး ဦးကျော်လှ တည်သည်ဟု နှစ်ဝါဒကွဲပြားနေပါသည်။ နှစ်ပေါင်း ငါးရာကျော်မျှကွာလှမ်းနေသော ယင်းဝါဒနှစ်ရပ်နှင့်စပ်၍ မည်သူဘုရားဒကာ အစစ်အမှန်ဖြစ်သည်ကို နောက်၌ စီစစ်ပြဆိုပါမည်။
ပဲ့နင်းကြီး မင်္ဂလာစေတီတော်သည် ဥာဏ်တော် ခြောက်ဆယ့်လေးတောင် ပမာဏရှိ၍၊ သမိုင်းတလျှောက်လုံး၌ သတ္တဝါတို့၏ အလှူတော်နှင့် အပူဇော်ကို ခံယူနေသော်လည်း လောကဒဏ်မုန်တိုင်း၏ ရိုင်းစိုင်းမှု ဒဏ်ကို လူးလှိမ့်ခံခဲ့ရသော အကြိမ်ပေါင်း မနည်းလှတော့ပါ၊ ယခုမျက်မှောက် ခေတ်မှာပင် ၁၃၃၇ ခုနှစ် ပုသိမ်လေမုန်တိုင်းဒဏ်က ထီးတော်ကြီး ပြုတ်ကျအောင် လှုပ်ချခဲ့ပါသည်။ ယင်းပျက်စီးမှုကို ပကတိအနေအထားရောက်အောင် ပြန်လည်ပြုပြင်ပြီးနောက် သုံးနှစ်လောက်အကြာ ၁၃၄၁ ခုနှစ် တပေါင်းလဆန်း (ဂ)ရက်နေ့ညတွင် တန်ဘိုးအနဂ္ဃ ထိုက်တန်စွာ တတပ်ဆင်ထားသည့် စိန်ဖူးတော်ရတနာကို မသမာသူများက ဖြုတ်ယူ ခိုးသွား ကြပြန်ပါသည်။ ယင်းစိန်ဖူးတော်ကိုလည်း ၁၃၄၃ ခုနှစ် တပို့တွဲလဆန်း (၁၅)ရက်နေ့မှ အသစ်တဖန် ရတနာစိန်ကျောက် ထိန်ထိန်တောက်လျက် ပြန်လည် တပ်ဆင်လှူဒါန်းပြီးနောက်၊ ၁၃၄၄ ခုနှစ် ကဆုန်လဆန်း (၁၂)ရက်နေ့တွင် ရခိုင်ပြည်နယ် ဂွမြို့၌ ကြမ်းတမ်းစွာတိုက်ခတ်သည့် လေမုန်တိုင်းဒဏ်က စေတီကြီး၏ ငှက်ပျောဖူးမှနေ၍ ကွဲပျက်အောင် ခွဲဖျက်လိုက်ပြန်ပါသည်။
သာမန် သဒ္ဓါတရား အခြေမခိုင် စေတနာများ အနေယိုင်သူတို့ဆိုလျှင် မျက်မှောက်ခေတ် နှစ်တိုအတွင်းမှာပင် သုံးကြိမ်သုံးခါမျှပျက်စီးရကောင်းလား ဟူ၍ မကျေမနပ်ဖြင့် အနေကျပ်သည်ဟု အကြောင်းတွက်ကာ အဟောင်း အပျက်ကို အဟောင်းအပျက်အတိုင်းပင် လက်ပိုက်ကြည့်နေတန်ရာပါ၏။ သည်သို့မဟုတ်ပါ၊ လောကဓံကို အန်တုရဲသည်အထိ သတ္တိဇွဲ ပြင်းထန်သည့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဝင် ပုသိမ်မြို့ ရေကြည်မင်္ဂလာဆရာတော် ဦးဣန္ဒောဘာသ၊ ထန်းစဉ်လှဆရာတော် ဦးသီလဝံသနှင့်၊ မင်္ဂလာရာမကျောင်းဆရာတော် ဦးနန္ဒဝံသတို့ ဦးဆောင်ပြီး ဂေါပကလူကြီးလူငယ်အဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ စေတနာရှင် သူတော်စင် ဒါ ယကာ ဒါယိကာမများက အထပ်ထပ် ပြန်လည် ပြုပြင် ထူထောင်လာခဲ့ကြသည်။ ဧရာဝတီ တိုင်း လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရ ပြီးထီးတော်ကြီးကိုလည်း အမြင့်တစ်ဆယ် ရှစ်တောင်၊ ထိပ်ဝလေးတောင် ပမာဏရှိအောင် ကြေးပြားဖြင့် အသစ်ပြန်လည်ပြုပြင်လျှက်၊ ၁၃၄၅ ခုနှစ်၊ လဆန်း (၁၅) ရက်နေ့တွင် ထီးတော်သစ်တင်မင်္ဂလာ ကျင်းပခဲ့ပြီး ယခုလက်ရှိအချိန်တွင် ရေကြည်မြို့နယ် မြို့နယ်သံဃာ့နာယက ဥက္ကဌဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဦးဣန္ဒဝံသ (မင်္ဂလာရာမကျောင်းတိုက်)ဦးဆောင်သည့် လက်ထက်တွင် စေတီတော်ကြီးအား ရွှေသင်္ဃန်းကပ်လှူခြင်းများ ထီးတော်တင်လှူခြင်းများ စေတီတော်ကြီး၏ပရဝုဏ် အတွင်းအပြင်၌ ဗုဒ္ဓရုပ်ပွါးတော်များစွာနှင့် ပိုမိုတိုးတက်လာပြီဖြစ်ပါသည်။ ယခုလက်ရှိ ဆရာတော် ဦးဣန္ဒဝံသ မှာ မိုးကုတ်ဝိပဿနာတရားစခန်းပွဲများ၊သံဃာ့နာယက ဥက္ကဌ တာဝန်များနှင့် အင်မတန် မအားလပ်နိုင်သည့်ကြားမှ ပဲ့နင်းစေတီတော်ကြီးမြို့ဦး စေတီတော်ကြီး အောင်ထူးမြတ်စေတီတော်နှင့် လှေတော်ရုံကျေးရွာရှိ ယခုသီတာရုံစေတီတော်မြတ်ဘုရားများမပျက်စီးရအောင်ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိပါသည်။
ပဲ့ နင်း စေ တီ - မည် သူ တည်
ရေကြည်မြို့ ပဲ့နင်းကြီးမင်္ဂလာစေတီကို မည်သူ စတင် တည်ထား ကိုးကွယ်ခဲ့ပါသလဲဟူသော မေးခွန်းကို မဖြေဆိုမီ ဘုရားဒကာများ ဖြစ်သင့်သည့် ဥမ္မာဒန္တီ မိဖုရားနှင့် ပဲ့နင်းကြီး ဦးကျော်လှတို့၏ ဘဝအခြေအနေနှင့် ခေတ်နောက်ခံ သမိုင်းဖြစ်စဉ်တို့ကို ရှေးဦးစွာ တင်ပြလိုပါသည်။ ဥမ္မာဒန္တီ မိဖုရားသည် စစ်ဘေး စစ်ဒဏ်ကြောင့် ရေကြည်သို့ ရောက်လာပြီး ဘုရားများ တည်သည်ဟု ရေးသားခဲ့ပြီး ဖြစ်ပါသည်။ ဥမ္မာဒန္တီသည် ရေကြည်၌သာ ဘုရားများ တည်ထားသည် မဟုတ်ပါ၊ သီဟိုဠ်မှ ရရှိသော ဓါတ်တော်များ နှင့် ပုသိမ် (၃၂) မြို့လုံးကို ခွဲဝေ၍ ဘုရားစေတီများ အနှံ့အပြား တည်ထားကိုးကွယ်ခဲ့ပါသည်။ ဧရာဝတီမြစ်ရိုး ငဝံမြစ်ရိုးတလျောက် ဘုရားသမိုင်းများကို လေ့လာကြည့်လျှင် ဥမ္မာဒန္တီနှင့် ကင်းသော ဘုရား များနည်းပါးလှပါသည်။ အချို့ ဘုရားစေတီများကို စတင် တည်ထား ကွယ်ပြီး၊ အချို့ ဘုရားစေတီများကို ပြန်လည် ပြုပြင် ထားသည်ကို
တွေ့ရပါသည်။ ယင်း သမိုင်းစာများ ကို ထောက် ထား ကြည့် လျှင်ပင် ဥမ္မာဒန္တီသည် ဥပါသိကာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဘုရားစေတီတည်ထားကိုးကွယ်မှု၌ ၀ါသနာ ထုံလွန်းသူဟု အကဲခတ် သုံးသပ် ကြည့်နိုင် ပါ သည်။ ဘုရားစေတီများ တည်ထား ကိုးကွယ်ခြင်းသည် သမုဒ္ဒဃောသ ဘုရင်နှင့် စစ်ပြေးယင်း တည်ထား ကိုးကွယ် သည် ဟုလည်း သမိုင်းများ၌ တွေ့ရပါသည်။ ဟင်္သာတနယ်၊ ကျုံပျော်နယ် အချို့ဘုရားသမိုင်းများ၌ ကား ဥမ္မာဒန္တီ မောင်နှမတည်သည်ဟု တွေ့ရပြန်ပါသည်။
ပုသိမ်ဘုရင်က အမတ်ကြီးများအား လက်စွပ်ကိုပြသ၍ ဤလက်စွပ် နှင့် ထိုက်တန်သူကို မိဖုရားမြှောက်မည်ဟု အမိန့်တော်ရှိ၍ မိဖုရားအရှာ ထွက်ခဲ့ရာ ဥမ္မာဒန္တီ အမျိုးသမီးကို တွေ့ရသည်။ ထိုအခါ ဥမ္မာဒန္တီက မိဖုရားမြှောက်မည်ကို ကြောက်၍ သူ့မောင်ကို ခေါ်ယူပြီး ထွက်ပြေးတိမ်း ရှောင်ယင်း ဘုရားစေတီများ တည်ကြောင်း ဘုရင့်စစ်သည်များက လိုက်လံ ရှာဖွေယင်း စတည်းချသောနေရာ၌ ယခုတိုင် မြက်မပေါက်ပဲ ဆင်တလင်း မြင်းတလင်းခေါ်သော နေရာများရှိသေးကြောင်း၊ ဥမ္မာဒန္တီ နှမတော်ကို မောင်တော်က ပခုံးဖြင့်ထမ်း၍ ပြေးလွှားပုန်းအောင်းစဉ် မလွတ်နိုင်သည့် အဆုံး မြစ်ထဲသို့ ခုန်ချသေးကြောင်း၊ ယခုတိုင် ကျုံပျော်နယ် ဂနိမ်းရွာနှင့် ခရေကန်ရွာအကြား၌ ဥမ္မာန္တီတို့မောင်နှမတည်ယင်း အပြီးမသပ်သည့်စေတီ တစ်ဆူကို မည်သူမျှ ထီးတော်တင်မရ၍ ပျဉ်ပြားများဖြင့် ထီးပုံသဏ္ဍာန် လုပ်ထားရကြောင်းလည်း အစဉ်အလာ ပါးစပ်ရာဇဝင်များက ဆိုကြပါသည်။ ယင်းအဆိုများ မှန်ကန်ပါလျှင် ပုဂံခေတ်၌ ရွှေစာရံဘုရားတည်သော စောမွန်လှကဲ့သို့ ဘဝနာ၍ အသိပါသွားသူဟု ဆိုရပါမည်။ ဓနုဖြူကျိုက္ကလွန် ဗွန်းဘုရား သမိုင်း၌ကား သက္ကရာဇ် (၇၀၀)တွင် ကျိုက္ကလွန် ဗွန်းဘုရား ပြုပြင်ပြီး ၎င်းနောက် (၇၂၃)ရောက်မှ သမုဒ္ဒဃောသ က မိဖုရား မြှောက်သည်ဟု တွေ့ရပြန်ပါသည်။ မည်သို့ပင်ဖြစ်စေ ဥမ္မာဒန္တီသည် စေတီပေါင်း မြောက်များစွာ တည်ထားကိုးကွယ် ပြုပြင်သွားသူ အမျိုးသမီးဟူ၍ကား ကောက်ချက်ချ သုံးသပ်ကြည့်နိုင်ပါသည်။ ဤမျှ နေရာအနှံ့အပြား တည်ထားခဲ့သောစေတီများတွင် ဤ ပဲ့နင်းကြီး အမည်ရ စေတီတစ်ဆူလည်း အပါအဝင်ဖြစ်ပါသည်။ သို့သော် ကုန်းဘောင်ခေတ်၌ ပဲ့နင်း ကြီး ရာထူးရသော ဦးကျော်လှ က အစိုးတရ ထိုက်ထိုက်တန်တန် ပြန်လည်ပြုပြင်ခဲ့၍သာ ပဲ့နင်းကြီး ဘုရား ဘွဲ့တော်အမည် တွင်ကျန်နေရစ်ခြင်း ဖြစ်ပါသည်။ လောက၌ လူဝတ် ကြောင်ဘဝမှ ရှင်သာမဏေဖြစ်လာလျှင် လူအမည်ပျောက်ပြီး ရှင်သာမဏေ ဘွဲ့ရောက်လာသည်။ တဆင့် ရှင်သာမဏေမှ ရဟန်းဖြစ်လာ၍ ဘွဲ့အမည် တမျိုးပြောင်းပြန်လျှင် လူအမည် ရှင်ဘွဲ့များပျောက်ကုန်၍ ရဟန်းဘွဲ့သာ တင်ကျန်ရစ်သကဲ့သို့ ယခင်က ဤပဲ့နင်းကြီးစေတီသည် ဘွဲ့အမည် သီးခြား ရှိသော်လည်း ရှိရာပါ၏။ သို့မဟုတ် ခေတ်စနစ်အမျိုးမျိုးကြောင့် ပျောက် ကွယ်သော်လည်း ပျောက်ကွယ်နေရာပါ၏။ ရှိစေကာမူ ပဲ့နင်းကြီး၏ သူ့ခေတ် သူ့ကာလ သူ့အာဏာအရ အစိုးတရ ဘုရားပြုပြင်ပြီးနောက် သူ့ဂုဏ် သူ့သိရ် သူ့ရာထူးကို ဘုရားဘွဲ့အဖြစ် တင်လှူလိုက်သကဲ့သို့ ဖြစ်သွား ရပါသည်။ အထူးအမည်မှည့်၍ သည်သို့ ခေါ်ဆိုရမည်ဟု အမိန့် မထုတ်စေကာမူ သူ့ဂုဏ် သူ့သိရ် သူ့အရှိန်အဝါအရ ပတ်ဝန်းကျင်က ပညတ်သွား ရာ ဓါတ်သက်ပါ၍ တဖြည်းဖြည်း ခေါ်ဝေါ်လာကြရာမှ အမှားကြာ အမှန် ဖြစ်သွားတတ်သော မြန်မာ့ဝေါဟာရများလည်း မြောက်များစွာရှိပါသည်။ ရှေးဟောင်း ဘုရားစေတီများ၏ ဘွဲ့အမည်သည် သူ့ခေတ် သူ့ကာလအရ ပြောင်းလဲတတ်သော အစဉ်အလာလည်း များစွာရှိပါသည်။ပုသိမ်ရွှေမုဋ္ဌော စေတီတော်သည်ပင် သက္ကရာဇ် (၂၃၉ )ခု သီရိဓမ္မာသောကမင်း တည်ထားစဉ်က ရွှေအာဏာဘုရားဟု အမည်တွင်ခဲ့သည်။ဒုတိယ အလောင်းစည်သူမင်း ပြန်လည်ပြုပြင် သက္ကရာဇ် (၄၅၇)၌ ထူပါရုံဟု အမည် ပြောင်းခဲ့သည်။
တတိယ သမုဒ္ဒဃောသနှင့် ဥမ္မာဒန္တီတို့ ပြုပြင် သက္ကရာဇ် ( ၆ ၀ ၀ )မှစ၍ ယခုတိုင် ရွှေမုဋ္ဌောစေတီဟု အစဉ်အဆက် ပြောင်းလဲခဲ့သော သဘောများ ရှိခဲ့ ပါသည်။ ယင်းသို့ဖြစ်လျှင် ယခု ပဲ့နင်းကြီး စေတီကိုလည်း ထိုက်ထိုက်တန်တန် ပြန်လည်ပြုပြင်ထားသောအခါ၌ ပဲ့နင်းကြီး မင်္ဂလာစေတီတော်ဟု ထပ်ဆင့်အမည်ထိုးလိုက်ခြင်းဖြင့် အပြစ်မဲ့သော လုပ်ငန်းရပ်သာဖြစ်ပါသည် ။ဝေါဟာရဟူသည် အများညီလျှင် ဤကိုပင် ကျွဲဖတ်ကြစတမ်းလုပ်၍ ရသည်မဟုတ်ပါလော။
အကယ်၍ ပဲ နင်းကြီးဦးကျော်လှ စတင်တည်ထားကိုးကွယ်ပါသည်ဟု ဆိုငြားအံ့၊ မဝေးလှသေးသည့် နှစ်ပေါင်းတစ်ရာကျော်မျှသာ ရှိသေးသော ကုန်းဘောင်ခေတ်ကဖြစ်၍ ယင်းကုန်းဘောင်ခေတ်သည် စာပေ လူနေမှုစနစ် စသည် အဖက်ဖက် တိုးတက်နေပြီဖြစ်ရာ စေတီတော်၏ အခြေအမြစ် တနေရာရာ၌ ကျောက်စာသော်လည်းကောင်း၊ မှတ်တမ်း မှတ်ရာ တစ်ခုခုသော် လည်းကောင်း အခိုင်အမာ ကျန်ရစ်တန်ရာပါ၏။ သို့သော် ပျက်လွယ် ဖြစ်လွယ်သဘောရှိသော အပေါ်ပိုင်း ထီးတော်၌သာ သက္ကရာဇ် အမှတ်အသားကို တွေ့နေရခြင်းကပင် ပဲ့နင်းကြီး ဦးကျော်လှ ထီးတော်တင်၍ ပြန်လည် ပြင်ဆင်ရုံမျှဖြစ်သော စေတီဟူ၍ အဓိပ္ပါယ် အလိုလို ဖော်ပြနေသလို ဖြစ်နေ ပါသည်။ ` ပုသိမ်နယ်တဝိုက်သည် ပင်လယ်ကမ်းခြေ နှင့် နီးကပ် သည့် အလျှောက် ဘုရားစေတီများ လေမုန်တိုင်းဒဏ်ကို ခံရသောအကြိမ် နည်းမည် မဟုတ်ပါ၊ စစ်ကိုင်းမင်းခေါ် ဘကြီးတော်ဘုရားလက်ထက်၌ပင် ရွှေမုဋ္ဌောဘုရား လေကြီးဒဏ်ကြောင့် ပျက်စီးလေသည်။ ထိုအကြောင်းကို ဘကြီး တော်ဘုရားထံ လျှောက်ထားရာ ဘကြီးတော်က ကိုယ်စားတော်စား ထီး တော်တင်လှူစေသည်ဟု ပုသိမ်ရာဇဝင်၌ အမှတ်အသား တွေ့ရပါသည်။
လေဒဏ် မိုးဒဏ် အကြိမ်ကြိမ်ခံရသော ပုသိမ်ဘုရားများတွင် ပဲ့နင်းကြီးစေတီတစ်ဆူ လည်း အပါအဝင် ဖြစ်ပေလိမ့်မည်။ ယင်းပျက်စီးမှုကိုသာ ပဲ့နင်းကြီး ဦးကျော်လှကပြန်လည်ပြုပြင်ခြင်းဖြစ်မည်ဟု ယူဆစရာရှိပါသည်။ ဘုရားစေတီ တစ်ဆူဖြစ်အောင် တည်ထား ကိုးကွယ်ရေးသည် ငွေအသပြာ များခြင်း၊ ရွှေ အာဏာ ကြီးမားခြင်းစသော အကြောင်းမျှလောက်ဖြင့် မပြည့်စုံ မလုံလောက်ပါ။ အဓိက အရေးကြီးသည့် စေတီထိုက်သော ဋ္ဌာပနာပစ္စည်းများ အများလက်ခံယုံကြည်သည့် ဓာတ်တော် မွေတော်များ ရရှိရေးသည် အဓိက လိုအပ်ချက် ဖြစ်ပါသည်။ အချို့ဒေသတို့၌ မိမိတို့ ယုံကြည်ကိုးကွယ်ထားသော ဆရာတော်ပျံလွန်တော်မူသည့်အရိုးတို့ကိုအုတ်ဂူ မဟုတ်သည့် စေတီပုထိုးများ တည်ထားတတ်ကြပါသည်။ စေတီထိုက်သော အင်္ဂါရပ်များနှင့် သုံးသပ် စီစစ် ကြည့်သင့်ကြပါသည်။
အစစ်အမှန် ဘုရားစေတီတစ်ဆူ တည်ခွင့်ရသည့် ပါရမီရှင်သည် ရှေးဘုန်း ရှေးကံ အလွန်ကြီးမားသော ပါရမီရှင်သာ ဖြစ်ပါသည်။ သီရိဓမ္မာသောကမင်းကြီးသည် အဇာတသတ်ဘုရင် မြှုပ်နှံခဲ့သည့် မြတ်စွာဘုရား ၏ ဓာတ်တော် မွေတော်များကို ခက်ခဲစွာ တူးဖော်ရရှိပြီး စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်ခဲ့ပါသည်။ သမိုင်းဝင် ဘုရား စေတီတစ်ဆူ တည်ထား ကိုးကွယ်ခြင်းသည် ပုဂံခေတ် အနည်းစုမှတပါး ရှေးအခါက အများအားဖြင့် ပဒေသရာဇ် ဧကရာဇ်တို့၏ အရာသာ ဖြစ်ပါ သည်။ ပဒေသရာဇ်ဖြစ်သော သာမန် မြို့စား ရွာစား ရာထူးမျှဖြင့်ပင် ဘုရားစေတီတစ်ဆူဖြစ်အောင် တည်ခဲ့သည်များ နည်းပါးလှပါသည်။
ဦးကျော်လှ၏ ပဲ့နင်းကြီးရာထူးဟူသည် ရေကြောင်းဆိုင်ရာ လှေနှင့် ပတ်သက်သော အရာရှိဖြစ်၍ တုတ်ပိုင် ဓါးပိုင် အခွင့်အရေး ရှိသူဟု ဆိုပါ သည်။ ယင်းရာထူးသည် အလွန်ကျဉ်းမြောင်းလှပြီး မြို့စား ရွာစား အဆင့်သို့ပင် မရောက်ပါ။ ထိုခေတ် ထိုအခါက ဧကရာဇ်ဘုရင် ဘကြီးတော်ဘုရား၏ လက်အောက်ခံသာဖြစ်၍ အမှုကြီးငယ် မှန်သမျှသည် ဘကြီးတော်၏ အမိန့်အာဏာဖြင့်သာ လုပ်ပိုင်ခွင့် ရှိရမည် ဖြစ်ပါသည်။ သို့မဟုတ် ပုသိမ်မြို့အကြီးအကဲ၏ အစီအရင်ဖြင့်သာ လုပ်ပိုင်ခွင့် ရှိရပါမည်။
သ မိုင်း စာ အုပ် - နိ ဂုံး ချုပ်
ဤမျှဖြင့် ကျွန်ုပ်တို့သည် ပဲ့နင်းကြီးစေတီတော် ၏ မူ လ ဘုရား ဒါယကာသည် မည်သူဖြစ်သင့်သည်ကို ပုသိမ်ရာဇဝင် ရေကြည်မြို့နယ် ဖြစ်စဉ်မှတ်တမ်းနှင့် ရှေးဟောင်း ဘုရားသမိုင်း စာတို စာစများကို ညှိနှိုင်းကိုးကား၍ အမြွက်မျှ စိစစ် သုံးသပ် ပြခဲ့ပါပြီ။ သို့သော် ရေကြည်မြို့နယ် ဖြစ်စဉ်မှတ်တမ်း စာအုပ်၌ ပဲ့နင်းကြီးဦးကျော်လှ အုပ်ချုပ်သော သက္ကရာဇ် များ သတိလွတ်ကင်း ချွတ်ယွင်း လွဲမှား နေသည်ဟု ယူဆမိ၍ မဟာရာဇဝင် မှန်နန်းရာဇဝင်ကြီးတို့နှင့် တိုက်ဆိုင်ညှိနှိုင်းမှု မပြုလိုက်တော့ပါ။ ထီးတော်၌ ပြသော သက္ကရာဇ်နှင့် ဘကြီးတော်ဘုရားလက်ထက် သက္ကရာဇ်ကိုသာ အခိုင် အမာထား၍ ပြဆိုလိုက်ပါသည်။ ဝေးကွာလှသည့် သမိုင်း ရာဇဝင်ဟူသည် မည်သူမျှ မျက်မြင် ပစ္စက္ခ မဟုတ်ကြ၍ စာတွေ့ဖြင့်သာ အနီးကပ် စူးစမ်း လေ့လာ ဆုံးဖြတ်ကြရသည်ဖြစ်ရာ၊ အကယ်၍ ကျွန်ုပ်၏ စူးစမ်းလေ့လာ မှုများ အားနည်းချက် ချွတ်ယွင်းချက်ရှိလျှင်လည်း ပညာရှင်များ၏ အကြံ ပေး ဆွေးနွေးမှုကို ထာဝရ ကြိုဆိုလက်ခံပါကြောင်း ဖိတ်ခေါ်ယင်းဖြင့် “ရေကြည်မြို့ပဲ့နင်းကြီး စေတီတော်သည် ဥမ္မာဒန္တီတည်သော စေတီများတွင် တစ်ဆူအပါအဝင်ဖြစ်ပြီး၊ ပဲ့နင်းကြီး ဦးကျော်လှက ထပ်မံပြုပြင် ထား၍သာ ပဲ့နင်းကြီးစေတီ အမည်တွင်နေပါသည်” ဟု ဆုံးဖြတ်ချက်ချကာ သမိုင်းဝင်မော်ကွန်းတင်လိုက်ပါသတည်း။